ထိုင်းနိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ မြန်မာ CI စင်တာတွေကို ဖျက်သိမ်းပေးဖို့ ဘန်ကောက်မြို့က ကုလသမဂ္ဂရုံးရှေ့မှာ တရားဝင်ဆန္ဒပြတောင်းဆိုနေချိန် နှောင့်ယှက်တိုက်ခိုက်ခဲ့တဲ့ ထိုင်းအမျိုးသားရေးလှုပ်ရှားသူနဲ့ အဖွဲ့ကို ဥပဒေနဲ့ အညီတိုင်တန်းအမှုဖွင့်သွားမယ်လို့ တိုက်ခိုက်ခံရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားအဖွဲ့ Bright Future ခေါင်းဆောင် ဝီရာ ဆန်ထောင် ခေါ် ကိုဆူရတ် က ဘီဘီစီကိုပြောပါတယ်။ နိုဝင်ဘာ ၁ ရက် မနက်ပိုင်းက ဘန်ကောက်မြို့၊ ရတ်ချာဒမ်နွန်းနော့လမ်းပေါ်ရှိ ကုလသမဂ္ဂရုံးရှေ့မှာ ဖြစ်စဥ် ဖြစ်ပွားခဲ့တာဖြစ်ပြီး ထိုင်းအမျိုးသားရေးလှုပ်ရှားသူနိုတစ်စုက ကိုဆူရတ်ကို အကြိမ်ကြိမ်ထိုးကြိတ်တာ၊ ခေါင်းကိုရိုက်တာ၊ ဆိုင်ကယ်ဦးထုပ်နဲ့ ရိုက်တာနဲ့ ခြေထောက်နဲ့ ကန်တာတွေ ပြုလုပ်ခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြပါတယ်။ မြန်မာအလုပ်သမားတွေရဲ့ နိုင်ငံသားဖြစ်မှု စိစစ်အတည်ပြုရေး CI လုပ်ငန်းစဉ်ဟာ အလုပ်သမားတွေအပေါ် ငွေကြေးကုန်ကျမှုများစေတဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်နေတဲ့အတွက် CI စင်တာတွေမှာ ငွေကြေးပေးစရာမလိုဘဲ ထိုင်းအစိုးရရဲ့ ပန်းရောင်ကတ်တစ်ခုတည်းနဲ့ အလုပ်လုပ်ခွင့်ရရှိရေး ဆန္ဒပြတောင်းဆိုခဲ့တာလို့ ကိုဆူရတ်က ပြောပါတယ်။ သူ့အနေနဲ့ ၂၀၂၅ ခုနှစ်ကလည်း အလားတူတိုက်ခိုက်ခံခဲ့ရပြီး အဲဒီအချိန်ကတည်းက ရဲစခန်းမှာ တိုင်ကြားထားပေမဲ့ အခုအချိန်အထိ အမှုက ထူးခြားမှုမရှိသေးဘူးလို့ ဆိုပါတယ်။ “ပထမတစ်ကြိမ် ရဲကို တိုင်တန်းထားတာက အကြောင်းမထူးသေးပါဘူး။ အဲဒါကို ဆက်ပြီး ဖိအားပေးသွားမယ်။ နိုဝင်ဘာ ၁ ရက်မှာ ထပ်ပြီးတိုက်ခိုက်ခံရတာကိုလည်း ထပ်မံတိုင်တန်းမှာဖြစ်ပါတယ်” လို့ ကိုဆူရတ်က ဘီဘီစီကို ပြောပါတယ်။ ဒါ့အပြင် ဒီလိုတိုက်ခိုက်မှုတွေ ကြုံရပေမဲ့ သူတို့ရဲ့ လှုပ်ရှားမှုကို ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း သူက ပြောပါတယ်။ “ကျွန်တော်တို့ သိထားရမှာက ဆူးခင်းလမ်းကို လျှောက်နေတာပါ။ အခုဒီလိုဖြစ်လာတဲ့အခါလည်း ဘာပဲဖြစ်ဖြစ် ရင်ဆိုင်သွားရမှာပါ။ တော်လှန်ရေးလုပ်တဲ့အတွက် ဒါတွေက ကြုံရမှာပါ” လို့ ကိုဆူရတ်က ပြောပါတယ်။ အဲဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ထိုင်းပြည်သူ့ပါတီ (People's Party) လွှတ်တော်အမတ် ဆာစီနန် သမ်နီတီနန်ကလည်း ကျူးလွန်သူတွေကို CCTV မှတ်တမ်းနဲ့ သက်သေအထောက်အထားတွေ စုဆောင်းပြီး အမြန်ဆုံးဖော်ထုတ်အရေးယူဖို့ ရဲတပ်ဖွဲ့ကို တိုက်တွန်းထားပါတယ်။ ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်ကို သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ အကြမ်းဖက်မှုကို လက်ခံလို့မရကြောင်း၊ လူတိုင်းဟာ နိုင်ငံသားဖြစ်မှုနဲ့ လူမှုအဆင့်အတန်းမခွဲခြားဘဲ ဥပဒေရဲ့ အကာအကွယ်ကို တန်းတူရရှိသင့်ကြောင်း ဆာစီနန်က ပြောပါတယ်။ တစ်ဖက်မှာတော့ CI စင်တာတွေ ဖျက်သိမ်းလိုက်ရင် မြန်မာနိုင်ငံသားတွေ တရားမဝင် ဝင်ရောက်လာနိုင်ပြီး ထိုင်းနိုင်ငံမှာ ပြဿနာတွေ ဖြစ်လာနိုင်တယ်လို့ ထိုင်းအမျိုးသားရေးလှုပ်ရှားသူ အာနွန် ကလင်ကဲဝ်က ကန့်ကွက်ပြောဆိုထားပါတယ်။ “CI ကတ်တွေကို ဖျက်သိမ်းလိုက်ရင် ထိုင်းနိုင်ငံမှာ နေထိုင်နေတဲ့ နိုင်ငံခြားသားတွေကို ကျွန်တော်တို့ ဘယ်လို အထောက်အထားစစ်ဆေးနိုင်မလဲ။ ရာဇဝတ်သားတွေ ထိုင်းနိုင်ငံထဲ ဝင်ရောက်နေထိုင်နိုင်မှာ မဟုတ်ဘူးလား။ ဝီရာက ဒီလိုဖြစ်စေချင်တာလား။ အစိုးရကရော ဒီလိုဖြစ်စေချင်တာလား” လို့ အာနွန်က ထိုင်းသတင်းဌာနတစ်ခုကိုဖြေထားပါတယ်။
နယ်စပ်က တိုက်ပွဲကိစ္စ မြန်မာကို သတိပေးထားပြီးပြီလို့ ထိုင်း၀န်ကြီးချုပ်ပြော - ၂၀၂၆ ခုနှစ်၊ နို၀င်ဘာ - BBC News မြန်မာ
မြန်မာဘက်ခြမ်းမှာ နေ့စဉ်တိုက်ပွဲဖြစ်နေတာနဲ့ ထိုင်းဘက်ကို လက်နက်ကြီးကျတာတွေအတွက် မြန်မာကို သတိပေးထားပြီးပြီလို့ ထိုင်း၀န်ကြီးချုပ်ပြောတဲ့သတင်းအပါအဝင် ကမ္ဘာနဲ့ မြန်မာက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။




